ဆီးချိုကြောင့် ဖြစ်တဲ့ ကျောက်ကပ်ပြဿနာ
ဆီးချိုအမျိုးအစား (၁) နဲ့ အမျိုးအစား (၂) နှစ်မျိုးလုံးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေထဲမှာ ကျောက်ကပ်ထိခိုက်ပျက်စီးရခြင်းဟာ အဖြစ်များပြီး စိုးရိမ်ရတဲ့အချက်တစ်ချက်လို့ ဆိုနိုင်ပါတယ်။ ဆီးချိုကြောင့် ကျောက်ကပ်ထိခိုက်တဲ့အခါ သူ့ရဲ့ အညစ်အကြေးတွေ နဲ့ အရည်ပိုတွေကို ခန္ဓာကိုယ်မှ စွန့်ထုတ်တဲ့အလုပ်ကို ကောင်းစွာ မလည်ပတ်နိုင်တော့ပါ။ ဒါကြောင့် ဆီးချိုရောဂါရှိသူတွေဟာ သွေးတွင်းသကြားဓာတ်နဲ့ သွေးပေါင်ချိန်တို့ကို အမြဲတစေ ပုံမှန်ပမာဏ အတွင်းရှိနေအောင် မိမိတို့ရဲ့ နေထိုင်စားသောက်မှုပုံစံကို စနစ်တကျ စားသုံးဖို့လိုပါတယ်။
နှစ်တွေကြာလာတာနဲ့အမျှ ကျောက်ကပ်ရဲ့ စစ်ထုတ်တဲ့စနစ်ဟာ တစ်စတစ်စ ဖြေးဖြေးချင်း ပျက်စီးလာပါတယ်။ အစပိုင်းမှာကတည်းက ဆီးချိုဆေးတွေကို စနစ်တကျ မှန်မှန်သောက်၊ သွေးတွင်း သကြားဓာတ်အတွက် မကြာမကြာ လက်ထိပ်ဖောက်သွေးစစ်၊ အစားကို ချင့်ချိန်၊ ဆရာဝန်နဲ့ ပြပေးတာမျိုး ပြုလုပ်နေသင့်ပါတယ်။ မဆင်ခြင်မိလို့ ကျောက်ကပ်ဟာ လုံးဝမလည်ပတ်တော့တဲ့အထိ ပျက်စီးလာပြီး ကျောက်ကပ်ရောဂါနောက်ဆုံးအဆင့်ထိ ဖြစ်လာတဲ့အခါ ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာတွေ ကြုံရတတ်ပါတယ်။
ရောဂါလက္ခဏာများ
ဆီးချိုကြောင့် ကျောက်ကပ်ပြသာနာ အစပိုင်းအခြေအနေတွေမှာတော့ ထူးထူးခြာခြား ဘာဝေဒနာမှ သတိထားမိမှာ မဟုတ်ပါ။ နောက်ပိုင်းမှာတော့
- သွေးပေါင်ချိန် ထိန်းရခက်လာမယ်
- ဆီးထဲမှာ အသားဓာတ်( ပရိုတင်းဓာတ်) မြင့်တက်နေမယ်
- ခြေထောက်၊ လက်နဲ့ မျက်စိပတ်လည်မှာ ဖောသွပ်ယောင်ကိုင်းနေမယ်
- ဆီး ခဏခဏသွားဖို့ လိုလာမယ်
- အာရုံစူးစိုက်ဖို့ ခက်တာ၊ ဂယောင်ဂတမ်းတွေ ဖြစ်လာတတ်တယ်
- မောမယ်
- အရသာပျက်မယ်
- ပျို့အန်မယ်
- မောပန်းလွယ်မယ်
- အသားယားမယ်
- အင်ဆူလင်ထိုးဆေးနဲ့ ဆီးချိုကျဆေးတွေ မတိုးတော့တာတွေ ကြုံရပါတယ်။
သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်း မထိန်းချုပ်နိုင်တဲ့အခါ ကျောက်ကပ်ရဲ့ သွေးကြောများနဲ့ ဆဲလ်တွေဟာ ပျက်စီးလာပြီး သွေးထဲက အညစ်အကြေးတွေကို မစွန့်ထုတ်ပေးနိုင်တော့ပါ။ ဒါ့ကြောင့် ကျောက်ကပ်ပျက်စီးပြီး သွေးပေါင်ချိန် မြင့်တတ်ကာ သွေးတိုးပါတယ်။ တစ်ခါ သွေးတိုးခြင်းကြောင့် ကျောက်ကပ်ကို ဝန်ထပ်ပိစေကာ စစ်ထုတ်တဲ့စနစ်ကို ဖိအားသက်ရောက်ပြန်တော့ နှစ်ခါပြန် နစ်နာရပါတယ်။
ဆီးချိုရှိသူတွေဟာ သွေးတွင်းသကြားဓာတ် ကောင်းစွာ မထိန်းနိုင်ရင်၊ သွေးပေါင်ချိန်ကို ကောင်းစွာ မထိန်းနိုင်ရင်၊ ဆေးလိပ်သောက်ရင်၊ သွေးတွင်း ကိုလက်စရောဓာတ်များနေရင်၊ အဝလွန်ရင်၊ မိသားစုမျိုးရိုးမှာ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ ဖြစ်ဖူးသူ ရှိရင် ဆီးချိုကြောင့် ကျောက်ကပ်ပျက်စီးနိုင်ချေရှိပါတယ်။
ဆီးချိုရောဂါကြောင့် ကျောက်ကပ်ပြသာနာ ရင်ဆိုင်လာရတဲ့အခါ ခြေ၊လက်များ ဖောယောင်၊ သွေးတိုး၊ အဆုတ်မှာရေအိုင်၊ သွေးတွင်း ပိုတက်ဆီယမ်ပမာဏ မြင့်တက်ခြင်း၊ နှလုံးနဲ့ သွေးကြောပြသာနာကြောင့် လေဖြတ်ခြင်း၊ မျက်လုံးနောက်ဖက်ရှိ သွေးကြောများ ပျက်စီးခြင်း၊ အာရုံကြောပြသာနာများ၊ ကျောက်ကပ်မှ ကယ်ဆီယမ်နဲ့ ဖော့စ်ဖောရစ်ဓာတ် မညှိပေးနိုင်တော့တဲ့အတွက် အရိုးပြသာနာများ ဖြစ်ပေါ်ခြင်း၊ ကျောက်ကပ်ရောဂါ နောက်ဆုံးအဆင့်ထိရောက်အောင် ပျက်စီးခြင်း စတဲ့ ဆိုးကျိုးတစ်ပုံတစ်ပင်ကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဆီးချိုရောဂါရှိပြီဆိုလျှင်
- ဖြစ်နိုင်လျှင် နှစ်စဉ် ဆေးစစ်ချက်များပြုလုပ်ပါ
- သွေးတွင်း သကြားဓာတ်ကို သေချာ ထိန်းပါ
- သွေးပေါင်ချိန် မကြာမကြာတိုင်းပါ
- ဆေးလိပ်ဖြတ်ပါ
- ကိုယ်အလေးချိန် ထိန်းပါ
- အကိုက်အခဲပျောက်ဆေးများကို ဆရာဝန် ညွှန်ကြားမှ သောက်ပါ
ရေးသားသူ - ဒေါက်တာ မေမြတ်